banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Tea Plant Plantation

လက်ဖက်စိုက်ပျိုးနည်း

ရာသီဥတု အခြေအနေ ( Climatic Condition )

လက်ဖက် စိုက်ပျိုးဖြစ်ထွန်းရန်အတွက် အောက်ပါ ရာသီဥတု အခြေအနေများမှာ အသင့်တော်ဆုံး ဖြစ်သည်။

အပူချိန် ( Temperature )

လက်ဖက်စိုက်ပျိုး ဖြစ်ထွန်းနိုင်သည့် အပူချိန် ( ၁၆-၃၂ ) ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ လက်ဖက် စိုက်ပျိုးဖြစ်ထွန်းရန် အသင့်တော်ဆုံး အပူချိန် ( ၁၃-၃၀ ) ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး၊ (၁၃) ဒီဂရီ စင်တီဂရိတ်အောက်တွင် အညွန့်များ ကြီးထွားမှု မရှိတော့ပါ။ (၃၅) ဒီဂရီ စင်တီဂရိတ်တွင် အရွက် အစာချက်လုပ်မှုနှုန်း ကျဆင်းပြီး (၄၀) ဒီဂရီစင်တီဂရိတ်တွင် အစာချက်လုပ်မှု ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ (၄၈)ဒီဂရီ စင်တီဂရိတ်တွင် အရွက်များသေ၍ ပျက်စီးမည်ဖြစ်ပါသည်။


စိုထိုင်းဆ ( Humidity )

လက်ဖက် စိုက်ပျိုးဖြစ်ထွန်းရန် အသင့်တော်ဆုံး လေထုစိုထိုင်းဆမှာ (၈၀) ရာခိုင်နှုန်း ဖြစ်ပါသည်။ လေထုစိုထိုင်းဆ နည်းသည့် ဒေသများတွင် အရိပ်ပင်များ စိုက်ပေးခြင်းနှင့် ရေပေးသွင်းမှုများ ပြုလုပ်ပေးခြင်းဖြင့် စိုထိုင်းဆ ရာခိုင်နှုန်းမြင့်အောင် ဖန်တီးစိုက်ပျိုး နိုင်ပါသည်။


မိုးရေချိန် ( Rainfall )

တစ်နှစ်ပတ်လုံး ( ၁၂ လလုံး ) မိုးဖြန့်ရွာ၍ တစ်လ မိုးရေချိန် (၃)လက်မရရှိပါက လက်ဖက် စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ သို့မဟုတ် တစ်နှစ်လျှင် မိုးရေချိန် (၆၀)လက်မ ရွာသွန်းပြီး (၉)လက်မ မိုးဖြန့်ရွာ ပါက လက်ဖက်ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်း နိုင်ပါသည်။


မြေအခြေအနေ ( Soil Condition )

လက်ဖက်သည် မြေချဉ် အခြေအနေကို ပိုမိုနှစ်သက်သည်။ လက်ဖက်စိုက်ပျိုး ဖြစ်ထွန်းရန် သင့်တော်သော မြေအချဉ် အငန်ဓါတ် ( Soil pH ) မှာ ( ၄.၅ – ၅.၅ ) ဖြစ်သည်။ အကောင်းဆုံးမှာ pH ( ၄.၈ ) ဖြစ်သည်။


မြေအခြေအနေ ( Soil Condition )

လက်ဖက်သည် မြေချဉ် အခြေအနေကို ပိုမိုနှစ်သက်သည်။ လက်ဖက်စိုက်ပျိုး ဖြစ်ထွန်းရန် သင့်တော်သော မြေအချဉ် အငန်ဓါတ် ( Soil pH ) မှာ ( ၄.၅ – ၅.၅ ) ဖြစ်သည်။ အကောင်းဆုံးမှာ pH ( ၄.၈ ) ဖြစ်သည်။

စိုက်ပျိုးဖြစ်ထွန်း လိုအပ်သော မြေသားအနက် ( Soil Depth ) မှာ အနည်းဆုံး (၃) ပေ (၁)မီတာ ရှိရမည်ဖြစ်ပြီး ရေစိမ့်ဝင် စီးဆင်းမှု ကောင်းရမည်။

မြေပြင် မတ်စောက်မှု အနေအထားမှာ လက်ဖက်စိုက်ပျိုးမည့် မြေသည် မတ်စောက်မှု (၁၀-၃၃) ရာခိုင်နှုန်းအတွင်းမှာ အကောင်းဆုံးဖြစ်သည်။ မတ်စောက်မှု (၃၃) ရာခိုင်နှုန်းထက် ပိုသော နေရာ များတွင် စိုက်ပျိုးနိုင်သော်လည်း မြေဆီလွှာ ရေတိုက်စားမှု ဖြစ်ပေါ်နိုင်ပါသည်။ လက်ဖက်သည် နှစ်ရှည်ပင်ဖြစ်၍ ရေရှည်ဆောင်ရွက်ရမည့် စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများတွင် ကုန်ကျစရိတ် အမြဲများနေမည် ဖြစ်ပါသည်။

ပျိုးပင်ငယ်များ အရွက်တစ်စုံ ထွက်လာချိန်တွင် လက်ဖက်ပျိုးခင်းအတွက် အထူးဖော်စပ်ထားသော ဓါတ်မြေသြဇာ အရောကို စတင်ကျွေးပေးရမည်။

လက်ဖက်ပျိုးခင်းအတွက် ဓါတ်မြေသြဇာအရော
N 15
P2O 15
K2O 15
K2O 15

အထက်ပါ ဓါတ်မြေသြဇာအရော (၃၀) ဂရမ်ကို ရေ (၁၀)လီတာတွင် သမအောင်ဖျော်၍ လက်ဖက်ပျိုး ပင်ငယ် (၄၀၀) ပင်ပေါ်တွင် ရေပန်းကရားဖြင့် (၁၅)ရက်တစ်ကြိမ် ပက်ဖျန်းပေးရမည်။

ဓါတ်မြေသြဇာအရည် ဖျော်ရည် ပက်ဖျန်းပြီးတိုင်း လက်ဖက်ရွက်များ အပေါ်တွင် ဓါတ်မြေသြဇာ ဖျော်ရည်တင်၍ မကျန်စေရန် ရေသန့်သန့်ဖြင့် ရွှဲရွှဲလောင်းပေးရမည်။
ထို့အပြင် လက်ဖက် ပျိုးပင်ငယ်များတွင် သွပ်ဓါတ်ချို့တဲ့သော လက္ခဏာများဖြစ်သည့် အရွက်များ တွန့်လိန်၍ တံဇင်ပုံ ( Sickle Shape ) ဖြစ်ပေါ်ခြင်း ၊ ဆစ်ကြားများတိုခြင်း ၊ အရွက်များ ၊ စုထွက်ခြင်း စသည့် လက္ခဏာများတွေ့ရှိပါက ဇင့်ဆာလဖိတ် (၁၀၀) ဂရမ်နှင့် မဂ္ဂနီဆီယမ်ဆာလဖိတ် (၁၀၀)ဂရမ်ကို ရေ (၁၀)လီတာတွင် ဖျော်၍ ပျိုးပင်ငယ် (၈၀၀)ကို ဆေးဖျန်းပုံးဖြင့် ပက်ဖျန်းပေးရမည်။

အထက်ပါ ဆေးနှုန်းထားဖြင့် (၂)ပတ်ခြား တစ်ကြိမ် ၊ (၃-၄)ကြိမ် သွပ်ဓါတ်ချို့တဲ့လက္ခဏာပျောက် သည်အထိ ပက်ဖျန်းပေးရမည်။


လက်ဖက်ပင်ငယ်များအား ဓါတ်မြေသြဇာကျွေးခြင်း (Fertilizer Appliocation for Young Tea)

လက်ဖက် ပင်ငယ်များ ဆိုသည်မှာ စိုက်ခင်းတွင် စတင်စိုက်ပျိုးသည်မှ အရွက်မခူးမီ ကာလအထိ အပင်ငယ်များကို ခေါ်ပါသည်။ လက်ဖက် ပင်ငယ်များကို ဓါတ်မြေသြဇာ ကျွေးရာတွင် အောက်ပါ အချက်များကို သတိပြု၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

  • (၁) စိုက်ခင်းတွင် စစိုက်ပြီး တစ်နှစ်သားအထိ ဓါတ်မြေသြဇာကျွေးရန်မလိုပါ။
  • (၂) စိုက်ခင်းတွင် စစိုက်ပြီး အညွန့်သစ်ထွက်ချိန် (အပင်သက်တမ်း ၁၈ လ) ရှိမှသာ ဓါတ်မြေ သြဇာစတင်ကျွေးရမည်။
  • (၃) ဓါတ်မြေသြဇာကျွေးချိန် မြေတွင်အစိုဓါတ်ရှိရမည်။
  • (၄) မိုးရွာသွန်းမှုများလွန်းသောအချိန်တွင် အပင်ခြေပတ်လည်၌ ပေါင်းမြက်ကင်းရှင်းရမည်။
  • (၅) ဓါတ်မြေသြဇာကျွေးချိန်တွင် အပင်ခြေပတ်လည်၌ ပေါင်းမြက်ကင်းရှင်းရမည်။
  • (၆) အပင်ငယ်အတွက်လိုအပ်သော ဓါတ်မြေသြဇာနှုန်းထားနှင့် အချိုးအစား ၊ ကျွေးနည်းစနစ် မှန်ကန်ရမည်။

ဓါတ်မြေသြဇာကျွေးရမည့်အချိန်

လက်ဖက်ပင်ငယ်များအတွက် လိုအပ်သော ဓါတ်မြေသြဇာများကို တစ်နှစ်လျှင် အောက်ပါအတိုင်း (၃)ကြိမ်ခွဲကျွေးရန်လိုအပ်ပါသည်။

ပထမအကြိမ် အောက်တိုဘာလ ပထမပတ်
ဒုတိယအကြိမ် ဧပြီလနောက်ဆုံးပတ်
တတိယအကြိမ် မေလနောက်ဆုံးပတ်

ကျွေးရမည့်ဓါတ်မြေသြဇာနှုန်းထား

လက်ဖက်ပင်ငယ်များအတွက် အဓိကလိုအပ်သောဓါတ်များမှာ နိုက်ထရိုဂျင်ဓါတ်နှင့် ပိုတက်စီယမ် ဓါတ်ထည့်သွင်းရန်ဖြစ်သည်။
ထည့်သွင်းရမည့်ဓါတ်မြေသြဇာ – ၁၆း၂၀ ( ၇ ) အိတ် နှင့် GSSP ( ၁ အိတ် )
ကျွေးရမည့်နှုန်းထား


သွပ်ဓါတ်ချို့တဲ့မှုလက္ခဏာ ( Zine Defficiency Symptom )

လက်ဖက်ပင်တွင် သွပ်ဓါတ်ချို့တဲ့လျှင် အရွက်များသေး၍ တွန့်လိန်ပြီး ၊ တံဇင်ပုံ (Sickle Shape) ဖြစ်ခြင်း ၊ အရောင်ဝါခြင်း ၊ ဆစ်ကြားများတိုခြင်းနှင့် အကိုင်းဖျားတွင် အရွက်များစုပြုံထွက်ခြင်း စသည့်လက္ခဏာများကို တွေ့ရှိရမည် ဖြစ်ပါသည်။

သွပ်ဓါတ်ချို့တဲ့မှုအတွက် ဇင့်ဆာလဖိတ် ( ZnSO4 ) ၁၀၀ ဂရမ်နှင့် မဂ္ဂနီဆီယမ်ဆာလဖိတ်
( MgSO4 ) ၁၀၀ ဂရမ်ကို ရေ (၁၀)လီတာတွင် ဖျော်၍ ဆေးဖျန်းပုံးဖြင့် အပင် (၈၀၀)တွင် ပက်ဖျန်းပေးရမည်။ ပက်ဖျန်းပေးရမည့်အကြိမ်မှာ (၁၅)ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် (၄-၆)ကြိမ် သွပ်ဓါတ်ချို့တဲ့မှုလက္ခဏာ ပျောက်သည်အထိ ပက်ဖျန်းပေးရန် လိုအပ်ပါသည်။


လက်ဖက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

လက်ဖက်ဖျက်ပိုးများ (Pests on Tea)

ဖိုးလမင်း ( White Grub )

လက်ဖက်ပျိုးခင်းရော စိုက်ခင်းတွင်ပါ ကျရောက် ဖျက်ဆီးတတ်ပါသည်။ အဓိက မြေအောက်အမြစ် ပိုင်းကို စားသောက် ဖျက်ဆီးတတ်ပါသည်။ အမြစ်ပိုင်း တိုက်ခိုက်မှု ခံရသောကြောင့် လက်ဖက်ပင်မှာ မြေပေါ်ပိုင်းအရွက်နှင့် အကိုင်းများ ညှိုးခြောက်နေတတ်သည်။

ကာကွယ်နှိမ်နင်းနည်း ( Control ) နှင့် အသုံးပြုရမည့်ဆေး

ကာကွယ်မှုအနေဖြင့် ပျိုးခင်းတွင် အသုံးပြုမည့်မြေများကို (၈၀) ဒီဂရီစင်တီဂရိတ်အထိ အပူပေးခြင်း ၊ အဆိပ်ငွေ့ မှိုင်းတိုက်ပေးခြင်းတို့ဖြင့် ဖျက်ပိုး၏ဥများ ၊ လောက်များကို ပျက်စီးစေပါသည်။

အသုံးပြုရမည့်ဆေး – ရွှေဖျူရန်နှင့် ရွှေဆန်းဖော့စ်


ပျပိုးနှင့်လှေးပိုးများ ( Thrips & Mites )

အဓိက အရွက်၏ အောက်ဖက်မျက်နှာပြင်နှင့် ရိုးတံ အနုပိုင်းများတွင် တွယ်ကပ် စုပ်စားနေတတ်၍ အရွက်များ တွန့်လိန် ညှိုးကုပ် နေတတ်ပါသည်။

အသုံးပြုရမည့်ဆေး

ရွှေဆီတာ ၊ ရွှေမက်တင် ၊ ရွှေဆန်းဖော့စ်


ပုရစ် (Cricket)

လက်ဖက်ပျိုးခင်းနှင့် စိုက်ခင်းတွင် ရွှေ့ပြောင်းစိုက်ကာစ အပင်ငယ်များတွင် ကျရောက်ဖျက်ဆီး တတ်ပါသည်။ မြေပြင်နှင့်ကပ်လျက်ရှိ ပင်စည်ပိုင်းကို ကိုက်ဖြတ်၍ အရွက်များကို စားသောက် ဖျက်ဆီးတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်း ( Control )

  • (၁) လက်ဖက်ပျိုးမထောင်မီနှင့် စိုက်ခင်းတွင် ရွှေ့ပြောင်းမစိုက်မီမြေများကို လှန်ဆွပေးခြင်း အားဖြင့် ဥနှင့်အကောင်ငယ်များပျက်စီးပြီး ပုရစ်ဦးရေ လျော့နည်းကျဆင်းစေပါသည်။
  • (၂) ပင်လုံးပြန့်ပိုးသတ်ဆေးရည် ရွှေဆီတာကို ပုံမှန်ပက်ဖျန်းပေးခြင်းအားဖြင့်လည်း ကာကွယ် နှိမ်နင်းနိုင်ပါသည်။
  • (၃) ဖွဲနု (သို့မဟုတ်) ပဲဖတ်နှင့်အဆိပ် ( ရွှေဆန်းဖော့စ် ) ရောစပ်၍ အဆိပ်မျှားစာ (Poison Bait) ကျွေးခြင်း အားဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။

လက်ဖက်ရောဂါများ ( Diseases on Tea )

လက်ဖက်ပင်နာကျရောဂါ ( Blister Blight )

ဤရောဂါသည် လက်ဖက်ပျိုးခင်းရော စိုက်ခင်းပါ ကျရောက်တတ်ပါသည်။ Exobasidium vexam မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ အစိုဓါတ် များလွန်းသောအချိန် ၊ ရေလောင်းမှု များလွန်းသော အချိန် ၊ အရိပ်ကျရောက်မှု များလွန်းသောနေရာတို့တွင် ဖြစ်ပေါ်နိုင်ပါသည်။

အဓိက အရွက်နုနှင့် ပင်စည်အနုပိုင်းတို့တွင် ဖြစ်ပေါ်တတ်ပါသည်။ ဖြစ်စတွင် ရေစိုကွက် ၊ ထို့နောက် သံပုရာရောင်အနာကွက် ၊ ထို့နောက် ပေါင်ဒါများအစုလိုက် ( သို့မဟုတ် ) ကြက်ချေးဖြူဖတ်များ တင်ထားသကဲ့သို့ဖြစ်ပေါ်ပြီး နောက်ဆုံးတွင် အရွက် ( သို့မဟုတ် ) အရိုးနုများခြောက်၍ သေသွားပါသည်။ စိုက်ခင်းတွင် အပင်ထိခိုက်ရုံသာ ရှိသော်လည်း ပျိုးခင်းများတွင် ပင်စည်များပြတ်ကျ၍ သေသည်အထိ ပျက်စီးနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း ( Control )

  • (၁) အလင်းရောင် ရရှိအောင် ဆောင်ရွက်ပြီး အစိုဓါတ် လျော့ပေးရမည်။
  • (၂) ရွှေကော့ပါးဆေးဖြင့် ကာကွယ် နှိမ်နင်းနိုင်ပါသည်။

လက်ဖက်မြစ်ပုပ်ရောဂါ ( Root Rot Disease )

ဤရောဂါသည် မှိုကြောင့်ဖြစ်ပါသည်။ အဓိက မြေအောက်အမြစ်ပိုင်းကို တိုက်ခိုက်၍ အမြစ်များ ပုပ်ရိသွားပါသည်။ အမြစ်ပိုင်း တိုက်ခိုက်မှုခံရ၍ မြေပေါ်ပိုင်းအရွက်များ ညှိုးခြောက်နေတတ် ပါသည်။ လက်ဖက်မြစ်ရောဂါ ကျေ၇ာက်ကြောင်း သိရှိရချိန်တွင် ရောဂါဖြစ်စေသော မှိုသည် အပင်ကို (၅၀)ရာခိုင်နှုန်း တိုက်ခိုက်ဖျက်ဆီးပြီး ဖြစ်သည်။ ရောဂါဖြစ်သော မှိုရှိမရှိကို ကြိုတင်ခန့်မှန်း ရခက်ခဲပါသည်။

ကာကွယ်နှိမ်နင်းနည်း ( Control )

ရောဂါကျရောက်နေသော အပင်ကိုတွေ့ရှိလျှင် အခြားအပင်များသို့ မကူးစက်စေနိုင်ရန် မြေမှ အမြစ်ပိုင်းကို တူးထုတ်၍ မီးရှို့ဖျက်ဆီးပစ်ရမည်။


လက်ဖက်နီမတုပ်ရောဂါ ( Nematode Disease )

ဤရောဂါသည် လက်ဖက်ပျိုးခင်းရော ၊ စိုက်ခင်းတွင်ပါ ကျရောက် ဖျက်ဆီးတတ်ပါသည်။ အဓိက မြေအောက်အမြစ်ပိုင်းကို တိုက်ခိုက်ပါသည်။ ဤရောဂါကျရောက်လျှင် လက်ဖက်ပင်များပုခြင်း၊ အရွယ်ညှိုးခြောက်ခြင်း ၊ အရွယ်မတိုင်မီ လန့်၍သီးပွင့်ခြင်း ၊ အပင်ပုံပျက်ခြင်း စသည့်လက္ခဏာ များကို တွေ့ရှိရတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်း ( Control )

အဓိက အသုံးပြုသော ရေမသန့်၍ ဖြစ်တတ်သည်။ ထို့ကြောင့် အသုံးပြုသော ရေသန့်စင်ရန် လိုအပ်ပါသည်။ ထို့အပြင် မြေကြောင့်လည်း ဖြစ်တတ်၍ မြေကို ရွှေဖျူရမ် 3G ဖြင့် အဆိပ်ငွေ့ မှိုင်းတိုက် ပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်နိုင်သည်။